သီလခံယူတယ်ဆိုတာ နပန်းချတတ်မှ
ဗန်းမော်ဆရာတော်ဘုရားကြီးသည် ဥပုသ်သီတင်းနေ့များတွင် သီလလာ၍ ဆောက်တည်သူ ဒကာ၊ ဒကာမများအား ကိုယ်တိုင် သီလပေးလေ့ရှိသည်။ ဆရာတော်သည် သီလပေးရန် ပရိသတ်များရှေ့ရှိ သေချာစွာ ပြုပြင် ခင်းထားသည့်နေရာသို့ ကြွလာပြီး ဒကာ၊ ဒကာမများအား မေးမြန်းလေသည်။
“သီလ ဆောက်တည်တာ မိမိတို့ ကိုယ်တိုင် ဆိုတတ်ကြရဲ့လား ရှေ့က နှုတ်ချပေးရဦးမှာလား” ဟု မေးလေသည်။ ဒကာ၊ ဒကာမများက “မှန်ပါ ရှေ့က နှုတ်တိုက်ပဲ ချပေးပါဘုရား” ဟု လျှောက်ထား၍ ဆရာတော်က ရှေ့မှပင်ချ၍ သီလပေးလေသည်။
တပည့် ဒကာ၊ ဒကာမများအား သီလပေးပြီးနောက် ဆရာတော်က သီလခံယူရာမှာ ဘုန်းကြီးက ရှေ့ကဆိုတိုင်း နောက်ကလိုက်ဆိုတာနဲ့ နပမ်းသတ်ရတဲ့ မောင်ပေါက် အကြောင်းပုံပြင်ကို အောက်ပါတိုင်း ပြောပြလေတော့သည်။
ရှေးက ရွာတစ်ရွာမှာ မောင်ပေါက်နှင့် မကောက်ဆိုသည့် လင်မယား နှစ်ယောက် ရှိသည်။ မယားဖြစ်သူ မကောက်က ရတနာသုံးပါးကို လေးစားယုံကြည်သည်။ မယားမကောက်က ရတနားသုံးပါးကို ကိုးကွယ်ဆည်းကပ်သလောက် မောင်ပေါက်က ဖာသိဖာသာပင် နေသည်၊ မကောက်က ၀ါတွင်းမှာ သီလ မကျိုးမပေါက်အောင် အထူးစောင့်စည်းထားသည်။
မောင်ပေါက်သည် အိမ်မှုကိစ္စအ၀၀ကို ခပ်မှန်မှန် ခပ်အေးအေးပင် လုပ်တတ်သည်။ မကောက် သီလဆောက်တည်သည်ကို တစ်ခါဖူးမျှ အနှောက်အယှက်မပြုခဲ့၊ မိမိဖာသာ မိမိ အေးအေးနေသည်။ နောက်ဆုံး သီတင်းကျွတ်ရန် တစ်သီတင်းသာ လိုတော့သည်။ သီတင်းကျွတ် လဆန်း ၈ ရက် ဥပုသ်သီတင်းနေ့တွင် မယားမကောက်က လင်ဖြစ်သူ မောင်ပေါက်အား သီလဆောက်တည်ရန် တိုက်တွန်းသည်။
“ကိုပေါက်၊ တော်...ဒီလိုချည်းနေလို့မဖြစ်ဘူး၊ သီလလေးဘာလေး ဆောက်တည်ဦးမှပေါ့၊ သီတင်းကျွတ်ဖို့ နောက်တစ်သီတင်းပဲ လိုတော့တယ်၊ သီလ ဆောက်တည်မှ ဘ၀အဆက်ဆက်မှာ အသက်ရှည်သတဲ့ ကိုပေါက်ရဲ့”ဟု သီလခံယူရန် ကျောင်းသွားမည့်ဆဲဆဲ ကန်တော့ပွဲပြင်ရင်း ပြောနေသည်။
“တော်...အခု ကျုပ်နဲ့ တစ်ပါတည်းရင်လည်း လိုက်ခဲ့ပါလားတော်” အေးစက်စက်နိုင်လှသော မောင်ပေါက်အား ဆက်၍ ပြောလေသည်။
“သီလခံယူတာ မလွယ်ဘူးဟ။ ငါက ကျောင်းကောင်းကောင်း မနေခဲ့လို့ မေ့ကုန်ပြီ”
“အံမယ်... လွယ်ပါတယ်တော့၊ ဘုန်းကြီး ရှေ့ကဆိုတဲ့အတိုင်း နောက်က လိုက်ဆိုတတ်ရင် ပြီးတဲ့ဥစ္စာ၊ ထစမ်းပါ၊ အ၀တ်အစားလဲပြီး တစ်ခါတည်း လိုက်ခဲ့စမ်းပါတော်”
“အေး...အေး ဒီတစ်ခါတော့ နင်ချည်းပဲ သွားယူဦး၊ နောက် သီတင်းကျွတ်လပြည့်နေ့ကျမှ ငါလိုက်ခဲ့မယ်” ဟု မောင်ပေါက်က ပြောလိုက်သည်။ မကောက်သည် ဆက်မခေါ်တော့ပဲ ကျောင်းသို့ ရှေ့က သွားနှင့်ကြသည့် ဥပုသ်သည်တွေကို အမီလိုက်၍ သွားတော့သည်။
သီတင်းကျွတ်လပြည့်မရောက်ခင် အဖိတ်နေ့ ညဘက်တွင် မကောက်က မောင်ပေါက်အား သတိပေးသည်။
“တော် နက်ဖြန်ခါ လပြည့်နေ့ ဥပုသ်စောင့်လိုက်ရမယ်၊ ယောက်ျားရင့်မာကြီး လုပ်နေပြီး သီလလေးမှ မဆောက်တည်နိုင်ရင် ဘယ်ကောင်းမလဲ၊ အခု ဘ၀ဟောင်းကို စွန့်ကြလို့ ဘ၀သစ်ကိုပြောင်းကြရင် တော်နဲ့ကျုပ် ဘ၀မကွာ အသက်ရှည်ရှည်နေရမှာ”
“အေးပါဟာ၊ မယားအလှကလည်း တရားပြနေလိုက်တာ နက်ဖြန်နံနက် လိုက်ပါမယ်”
မောင်ပေါက် အနည်းငယ်သွက်လာပြီး မယားမကောက်ကို ကတိပေးလိုက်သည်။ သို့နှင့်ပင် လပြည့်နေ့နံနက် လင်းအားကြီးအချိန်သို့ ရောက်ခဲ့သည်။ မောင်ပေါက်သည် အခါတိုင်းထက် ပိုစောပြီးထ၍ မျက်နှာသစ်နေသည်။ နောက်ပြီး ပုဆိုးအင်္ကျီများလဲ၍ တဘက်ကို ခေါင်းပေါင်းကာ ကျောင်းသို့သွားမည် အပြုတွင် မယားမကောက်က...
“ဘယ့်နှယ်လဲကိုပေါက်၊ ကျောင်းသွားမှာက စောလှချည်လား၊ ဒီအချိန် ဘယ်သူမှ ကျောင်းမသွားကြသေးဘူး ကျုပ်လဲ ဆွမ်းအုပ်နဲ့တစ်ပါတည်းသွားရအောင် မြန်မြန်ချက်နေတာပဲ၊ ပြီးတော့ တော်လည်း ဘာမှ မစားရ မသောက်ရသေးပဲနဲ့”
“ငါမဆာသေးဘူး၊ ကျောင်းက ပြန်လာမှ ထမင်းကြမ်းစားမယ်၊ သူများတွေထက် ပိုပြီး စိတ်သန့်ရှင်းအောင်လို့၊ ငါ ကျောင်းကို အရင်ရောက်အောင် သွားမှာပါ” ဟု မောင်ပေါက်က ထ၍သွားတော့သည်။ မကောက်က “တော်တော် အပြောရကျပ်တဲ့လူပဲ” ဟုသာပြော၍သာ ကျန်နေခဲ့တော့သည်။
မောင်ပေါက်သည် တဖြည်းဖြည်းလျှောက်လာခဲ့ရာ ရွာဦးရှိ ဘုန်းတော်ကြီးကျောင်းအနီးသို့ပင် ရောက်ခဲ့ပေပြီ၊ ကျောင်းဝိုင်းထဲတွင် ကျောင်းသား ကိုရင်တို့ လှုပ်ရှားနေသည်။ ကိုရင်သာမဏေအချို့ မီးတင်းကုပ်ထဲမှာ ရေနွေးအိုးတည်နေကြသည်။
ကျောင်းသားများမှာ ရွာထဲသို့ ဆွမ်းဝတ် သွားယူရန် ကျောင်းပရ၀ုဏ်ပေါက်၌ မောင်ပေါက်က တွေ့ခဲ့သည်။
မောင်ပေါက်မှာ ရှင်သာမဏေအချို့ ဆွမ်းစားကျောင်း ရေတွင်းတွင် ပန်ကန်များ ဆေးကြောနေသည်ကို မြင်ရသည်။
ထိုအခါ မောင်ပေါက်က...
“ကိုရင်ကြီးတို့ ဘုန်းကြီးဘယ်မှာလဲ” ဟု မေးလေသည်။ ကိုရင်များက ဘုန်းကြီး ကျောင်းပေါ်က ဆင်းမလာသေးကြောင်း ပြောပြသည်။ မောင်ပေါက်က ကျောင်းကြီးပေါ်သို့ တက်သွားလေသည်။ မောင်ပေါက်သည် ဘုရားနှင့် ဘုန်းကြီးကို ၀တ်ပြုပြီးနေသည်။
ဘုန်းကြီးက မောင်ပေါက်အား မေးလေသည်။
“မောင်ပေါက်၊ ဥပုသ်စောင့် လာသလား”
“မောင်ပေါက်၊ ဥပုသ်စောင့် လာသလား”
“အို... ဒီကောင် ငါ့ပြောင်နေပြန်ပြီ”
“အို... ဒီကောင် ငါ့ပြောင်နေပြန်ပြီ”
“ဟဲ့... နင်ရူးနေသလား”
“ဟဲ့... နင်ရူးနေသလား”
“တယ်... ငါရိုက်မိတော့မယ်”
“တယ်... ငါရိုက်မိတော့မယ်”
မောင်ပေါက်သည် ဘုန်းကြီးပြောသမျှ နောက်က လိုက်၍ ဆိုနေတော့သည်။
ဘုန်းကြီးက လိုက်ဆိုနေသည့် မောင်ပေါက်အား ထ၍ နပန်းလုံးတော့သည်။ မောင်ပေါက်ကလည်း ဘုန်းကြီးကို ပြန်၍ နပန်းလုံးနေသည်။ ဤသို့ ဘုန်းကြီးနှင့်မောင်ပေါက်၊ မောင်ပေါက်နှင့်ဘုန်းကြီး ထွေးလား လုံးလားဖြစ်ကာ ဘတစ်ပြန်ကျားတစ်ပြန်၊ ဘုန်းကြီးကအောက်ကျလိုက်၊မောင်ပေါက်က ပေါ်ကနေလိုက်၊ မောင်ပေါက်က အောက်ကျလိုက်၊ဘုန်းကြီးကအပေါ်ကနေလိုက် ဖြစ်နေပေတော့သည်။
အနီးတွင်လည်း မည်သည့် ကိုရင်၊ ကျောင်းသား၊ ဒကာ၊ ဒကာမ တစ်ဦးတစ်ယောက်မျှမရှိ ဖြစ်နေ၍ ဖျန်ဖြေပေးမည့်သူတစ်ဦးမျှ မရှိပေ၊ ဘုန်းကြီးနှင့် မောင်ပေါက် နပန်းလုံးကား မလျှော့ကြသေးပေ၊ လုံးမြဲပင် ရှိသေးသည်။
မောင်ပေါက်နှင့်ဘုန်းကြီး ဇွဲမလျှော့ဘဲ နပန်းလုံးနေကြရာ တစ်ဦးနှင့်တစ်ဦး ချွေးသံတစ်ရွှဲရွှဲစိုနေကြပေပြီ၊ အစာအာဟာရလည်း ဘုန်းကြီးရောမောင်ပေါက်ပါ မစားရသေး၍ တော်ကလေး အင်အားကုန်ခန်းပြီး နွမ်းနယ်၍ နေကြသည်။ နှစ်ယောက်စလုံးပင် မောဟိုက်လာကြ၍ ကြက်များတောင်ပံကြား ခေါင်းထိုးကြသလို အချင်းချင်း နားလိုက်ကြပေပြီ။
ဘုန်းကြီးနှင့် မောင်ပေါက် အမောလွန်ကြပြီး နားကြရမှ မောင်ပေါက်က သူ့ခေါင်းမှကျနေသော တဘက်ကို အသာကောက်ယူ၍ အိမ်ပြန်ခဲ့သည်။ ဘုန်းကြီးကလည်း ကြမ်းပြင်ပေါ်ကျနေသည့် ဧကသီ သင်္ကန်းကို အသာကောက်ယူ၍ ပခုံးပေါ်သို့တင်လိုက်သည်။
“ကိုပေါက်၊ ဘယ်နှယ့် အစောကြီး ပြန်လာရတာလဲ၊ ကျုပ်တောင် ပြင်လို့ ဆင်လို့ ပြီးကာရှိသေး၊ ထမင်းဆာလို့ ပြန်လာတာလား၊ အခု ထည့်ပေးမယ်လေ”
မယားက အစောကြီး ပြန်လာသည့် မောင်ပေါက်အား ပြောလိုက်ခြင်းဖြစ်ပေသည်။ မောင်ပေါက်က မည်သို့မျှ မပြောနိုင်ရှာဘဲ သောက်ရေအိုးရှိရာ သွားနေသည်။
“အေး... တော့မယ် အစောကြီးရှိသေး၊ ဆာလှချည်လား” ဟု မေးသည်။ မောင်ပေါက်သည် ရေသောက်ပြီး၍ ရေမှုတ်ကို ကိုင်ထားရင်းဖြင့် “အေး သီလ ခံယူတယ်ဆိုတာ နပန်းချတတ်မှကိုးဟ” ဟု မယားအား ပြောပြနေတော့သည်။
ဤတွင် ဗန်းမော်ဆရာတော်က “မင်းတို့ ဒကာတွေထဲလည်း နပန်းချတတ်တဲ့ လူတွေ ပါနေဦးမယ်” ဟု ဥပုသ်သည် ပရိတ်သတ်ထဲမှာ ရယ်မော၍ မိန့်ကြားလိုက်လေသည်။

ဦးသိန်းထွန်းမြင့် ပြုစုသော ဗန်းမော်ဆရာတော်၏ ဥပမာ ပုံပြင် ၀တ္ထုများ မှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home