မန္တလေးသားအနုပညာရှင်တစ်ယောက်အကြောင်း
ကျွန်တော်က မန္တလေးသားဆိုတော့ဗျာ မန္တလေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေဆိုရင် ကျွန်တော်လက်လှမ်းမှီသလောက် လိုက်ဖတ်ဖြစ်တယ်ဗျ၊ အခုလည်း တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မန္တလေးသား အနုပညာသမားတစ်ယောက်ရဲ့အကြောင်းကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရလို့ သူငယ်ချင်းတို့အတွက် လက်ဆင့်ကမ်းလိုက်ပါတယ်။ ကျွန်တော်တို့လူငယ်တော်တော်များများ မသိတဲ့ အကြောင်းအရာလေးပါ။
မြို့မငြိမ်းကိုလွမ်းခြင်း

နဲ့သာ နေခဲ့ရပြီး နောက်ပိုင်းမှာ အဖိုးဦးရိပ်နဲ့ အဖွားဒေါ်မမလေးတို့က ခေါ်ယူမွေးစားခဲ့ကြ
ပါတယ်။ အဖိုးအဖွားတို့ရဲ့လက်ပေါ်မှာကြီးပြင်း ခဲ့ရပြီး ဖခင်နဲ့အနေဝေးခဲ့ရပါတယ်။
ကျောင်းသားအရွယ်ရောက်တဲ့အချိန်ကျမှ ဖခင်နဲ့ပြန်လည်တွေ့ဆုံခဲ့ရပြီး ဖခင်က မြို့မငြိမ်း ၀ါသနာပါရာ ပညာရပ်များသင်ကြားဖို့အတွက် သူငယ်ချင်းဖြစ်သူ ဦးဘသက်ဆီမှာ အပ်နှံပေးခဲ့ပါတယ်။ ဦးဘသက်ရဲ့နေအိမ်ဟာ မြို့မငြိမ်းရဲ့ အနုပညာရပ်များကို စတင်စေနိုင်ခဲ့တဲ့ နေရာလေးလည်းဖြစ်ပါတယ်။
ဦးဘသက်ရဲ့ နေအိမ်ဟာ မြို့မငြိမ်းအိမ်အနီးမှာရှိတဲ့အတွက် ကျောင်းသွားတဲ့အခါတိုင်း ဦးဘသက်ရဲ့အိမ်ရှေ့
ကဖြတ်သွားရပါတယ်။ အဲဒီလို ဖြတ်သွားတဲ့အခါတိုင်း ဦးဘသက်ရဲ့အနုပညာရပ်များကို ငေးမောစိတ်ဝင်စား
နေလေ့လည်းရှိခဲ့တာပါ။ ဦးဘသက်ရဲ့နေအိမ်ဟာ ပန်းချီပန်းပုနဲ့ ဂီတအနုပညာရပ်တွေ လွှမ်းခြုံနေတဲ့
အိမ်လေးပါ။ အဲဒီလိုအနုပညာရပ်တွေနဲ့ အနုပညာအိမ်လေးဆီကို မြို့မငြိမ်းရောက်ရှိခဲ့ရာကနေ အနုပညာရပ်
တွေဖြစ်တဲ့ ပန်းချီပန်းပု မယ်ဒလင်၊ ဘင်ဂျိုနဲ့ ဗျတ်စောင်းတီးခတ်ခြင်း ပညာရပ်တွေကို တတ်ကျွမ်းခဲ့ရပါတယ်။ မြို့မငြိမ်းရဲ့ လက်ဦးဆရာတွေကတော့ ဆရာကြီးဦးဘသက်၊ မင်းကြီးဦးဆက်ရဲ့ညီ ဦးချက် ၊ ဦးလင်းနဲ့ စောင်းဦးမောင်မောင်လတ်(အာဋ္ဌာဝီ) တို့ပါ။ ဒေ၀ဣန္ဒာဦးမောင်မောင်ကြီးဆီမှာလည်း စောင်းနဲ့ပတ်သက်တဲ့
ပညာရပ်တွေကို သင်ကြားခဲ့ပါသေးတယ်။
မြို့မငြိမ်းရဲ့ဟန်ပန်ဟာ ခပ်ပြုံးပြုံးမျက်နှာထားရှိပြီး ဖော်ရွေခင်မင်တတ်သူပါ။ စကားပြောနည်းပြီး သံခပ်တိုးတိုးညှင်ညှင်သာသာ အချက်ကျကျနဲ့စိတ်ရှည်လက်ရှည် ပြောတတ်လေ့ရှိတဲ့သူပါ။ တူရိယာတီးခတ်မှုမှာတော့ သွက်လက်စွာနဲ့ ဆန်းသစ်တတ်သူဖြစ်တာမို့ ရွယ်တူကာလသားတွေရဲ့ အားကျမှုကိုလည်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အနုပညာရပ်တွေကို ပြသသင်ကြားပေးခဲ့တဲ့ ဦးဘသက်ဟာ မြို့မငြိမ်းကို ပွဲထုတ်ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီခေတ်ကာလတုန်းက မန္တလေးမှာ ဂီတကိုဝါသနာပါကြသူတွေစုပေါင်းပြီး စုတီးကြစုဆိုကြတဲ့နေရာလေးတစ်ခုရှိခဲ့ပါတယ်။ မန္တလေးက ရှေ့တော်ပြေးဝင်းရဲ့ အရှေ့ဘက်တန်း(၈၀)လမ်းမကြီးကို တရုတ်တန်းလို့ခေါ်ဝေါ်ခဲ့ကြပြီး အဲဒီလမ်းရဲ့တောင်ဘက်(၂၉)လမ်းထိပ်က ဗဟိုရ် လက်ဖက်ရည်ဆိုင်ရဲ့ အရှေ့ဘက်ဘေးမှာ အဲဒီနေရာလေးရှိပါတယ်။ တရုပ်တန်းဖျာဝိုင်း လို့ခေါ်ပါတယ်။ မြို့မငြိမ်းကို အဲဒီ တရုပ်တန်းဖျာဝိုင်း ဆီကိုခေါ်ဆောင်ခဲ့သူက ဦးဘသက်ပါ။ အဲဒီဖျာဝိုင်းမှာ ဦးဘသက်ဟာ မယ်ဒလင်၊ ဘင်ဂျို၊ ဗျတ်စောင်းတို့ကို ရရာ ကျရာကိုတီးခတ်ခဲ့ပါတယ်။ သူ့ရဲ့တီးကွက်တွေက တီထွင်မှုရှိတဲ့အတွက် ထူးခြားမှုရှိခဲ့ပါတယ်။ အဲဒီတရုပ်တန်းဖျာဝိုင်းလေးဟာ မြို့မငြိမ်းအတွက် အနုပညာအဆက်အသွယ်များကိုလည်း ရရှိစေခဲ့ပါတယ်။
ဒီနေ့အထိတည်ရှိနေဆဲ အောင်မြင်နေဆဲဖြစ်တဲ့ မန္တလေးက မြို့မတီးဝိုင်းကို အုတ်မြစ်ချတည်ထောင်ကြသူတွေထဲမှာ တစ်ဦးအဖြစ်ပါဝင်ခဲ့ရင်း မြို့မငြိမ်းရဲ့အနုပညာရပ်တွေကို ပရိသတ်တွေအတွက် ချပြနိုင်ခဲ့ပါတယ်။ မြို့မငြိမ်းတို့ စုပေါင်းတီးခတ်ကြတဲ့ တရုပ်တန်းဖျာဝိုင်းလို ဂီတအဖွဲ့မျိုးတွေက မန္တလေးမှာအတော်များများရှိနေပါတယ်။ အဲဒီထဲမှာမှ ဆိုင်းတန်းရပ်က ဂီတ၀ိုင်းနဲ့ ‘တရုပ်တန်းဖျာဝိုင်း’ တို့ဟာ နှစ်ဖွဲ့ပေါင်းပြီး စုပေါင်းတီးမှုတ်သီဆိုလေ့ရှိကြပါတယ်။ ဂီတကိုချစ်မြတ်နိုးကြတဲ့ အဲဒီအဖွဲ့လေးနှစ်ဖွဲ့ရဲ့ ပေါင်းစည်းတီးခတ်မှုကနေ စတင်ပြီးတော့ တီးဝိုင်းကလေး တစ်ခုအဖြစ်ဖွဲ့စည်းကြဖို့ အဖွဲ့နှစ်ဖွဲ့က ကိုကြီးအုန်း၊ ကိုကြီးငွေ၊ ကိုသန့်၊ ကိုဘငြိမ်း၊ ကိုလှဒင်နဲ့ကိုမြသိန်းတို့က တာဝန်ယူပြီးတော့ ‘ဗုဒ္ဓဝေယျာဝစ္စရတနာပုံ’ ဆိုတဲ့တူရိယာအသင်းကို အဖွဲ့ဝင်(၁၁) ဦးခန့်နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ‘မြို့မ’ ဆိုပြီး ပြောင်းလည်းခေါ်ဝေါ်ခဲ့ကြပါတယ်။
အသင်းကိစ္စများကို စုစည်းဆောင်ရွက်ကြဖို့ဆိုင်းတန်းရပ်မှာရှိတဲ့ ကိုမြသိန်းရဲ့အိမ်မှာ ဆုံတွေ့တီးခတ်လေ့ရှိကြပါတယ်။ မြို့မအသင်းအားပံ့ပိုးကူညီပေးခဲ့သူမှာ ဦးတော်လုံဖြစ်ပါတယ်။ မြို့မအသင်းအတွက်လိုအပ်တဲ့ တူရိယာပစ္စည်းတွေကို တိုးချဲ့ဖွဲ့စည်းနိုင်ဖို့ ငွေကြေးအင်အားပံ့ပိုးပေးခဲ့ပါတယ်။ (၁၉၈၂) ခုနှစ်မှာစတင် ဖွဲ့စည်းဖြစ်ခဲ့တဲ့မြို့မအသင်းမှာ မြို့မငြိမ်းက ၀ိုင်းအုပ်ခေါင်းဆောင်အဖြစ်
ဆောင်ရွက်ရပါတယ်။
မြို့မ၀ိုင်းအတွက် တီးမှုတ်နိုင်ရန် အသံခွဲခြင်း၊ အသံရှာဖွေခြင်းများကို ရှာဖွေပေးရပါတယ်။ အဲဒီအခါမှာ အသံနဲ့ပတ်သက်တဲ့တေးသွားတွေကို သင်္ကေတအဖြစ်မှတ်သားထားစုဆောင်းထားပြီး ထိုသံစဉ်များထဲသို့ စာသားအကြောင်းအရာလေးများကို ထည့်သွင်းရင်းမှ သီချင်းများကိုစတင်ရေးသားဖြစ်လာခဲ့သည်။ မဟာဂီတနှင့်မြန်မာစာပေတို့ကို အနှစ်သာရကျကျ လေ့လာလိုက်စားတဲ့ခါမှာ ဆန်းသစ်တဲ့သံစဉ်သီချင်းများစွာကို ဖန်တီးတဲ့သူဖြစ်လာခဲ့ပါတယ်။ ၁၉၂၈-၂၉ ခုနှစ်အတွင်းမှာ တစ်စစနဲ့ သီချင်းတွေရေးဖြစ်လာခဲ့တဲ့ မြို့မငြိမ်းရဲ့ သီချင်းတွေထဲမှာ ရှုမ၀၊ အလှပြိုင်ပွဲ၊ ချစ်တာပဓာန၊ မန်ဒါလီ၊ တချစ်ထဲချစ်၊ နှစ်ပိဿခွဲ၊ ရှင်တစ်ခုဘဲ၊ ခင့်အိမ်မက်၊ ဘင်ဂျို၊ မျိုးနဲ့ဒေါင်းစက်ယာဉ်သီချင်းတွေဟာ ထင်ရှားခဲ့ပါတယ်။
၁၉၃၅ ခုနှစ်မှာ ခွေးတံဆိပ်ကုမ္ပဏီနဲ့ ဓာတ်ပြားသွင်းဖြစ်တဲ့အခါမှာ နန်းတော်ရှေ့ဆရာတင်ရဲ့သီချင်းတွေနဲ့အတူ မြို့မငြိမ်းရဲ့ ချစ်တာပဓာန၊ ခင့်အိမ်မက်၊ ရှုမ၀၊ အလှပြိုင်ပွဲသီချင်းတွေဟာ ဓာတ်ပြားအဖြစ် ပထမဆုံးအသံသွင်းဖြစ်ခဲ့တာပါ။ (၁၉၃၅) ခုနှစ်မှစတင်၍ စစ်မဖြစ်မီကာလအထိ ဓာတ်ပြားပေါင်း လေးဆယ်ကျော်သွင်းခဲ့ပြီး သီချင်းရေးသက် ၁၈-နှစ်ခန့်အတွင်းမှာ သီချင်းအပုဒ်ရေ တစ်ရာ့ငါးဆယ်ကျော်ခန့် ရေးသားခဲ့တဲ့သူပါ။ ဓာတ်ပြားအဖြစ်သွင်းခဲ့တဲ့ သီချင်းတိုင်းကို ပြည်သူတွေကနှစ်ခြိုက်ခဲ့ကြပါတယ်။
အေ၀မ်းကုမ္ပဏီနဲ့သွင်းခဲ့တဲ့ ပါရမီတော်၊ ရေခင်းတော်၊ နတ်သျှင်တောင်၊ ပျို့မှတ်တမ်း၊ မေ့ပါနိုင်၊ ဖူးစာပိုင်၊ မင်္ဂလာမောင်မယ်၊ သက်ဝေ၊ ချစ်လွန်းတင်၊ လှမြဉ္ဇူ၊ လေထဲကဖူးစာ၊ ရွှေမင်းဝံ၊ နွဲ့မျိုးစုံ၊ ချစ်ကျိုးတော်ဆောင် သီချင်းများဟာလည်း ကျော်ကြားခဲ့ပါတယ်။ မြို့မငြိမ်းဟာ သီချင်းရေးသားခြင်းကို နှစ်ခြိုက်သူပါ။ တစ်ဦးတစ်ယောက်က သူ့ရဲ့အလုပ်အကိုင်ကို မေးမြန်းတဲ့အခါတိုင်းမှာ သီချင်းရေးသူပေါ့ဗျာလို့ ပြောလေ့ရှိသူပါ။
မြို့မငြိမ်းဟာ မိမိတို့ရဲ့မြန်မာသီချင်းကြီး၊ သီချင်းခန့်များကို အနောက်တိုင်းသင်္ကေတစနစ်နဲ့ တီးမှုတ်ဖို့ ဆန္ဒရှိပါတယ်။ သင်္ကေတစနစ်ကို အထူးလိုက်စားတဲ့ ဒါးတန်း ဦးသန့်နဲ့ မြို့မငြိမ်းတို့နှစ်ဦးဟာ မဟာဂီတသီချင်းများကို ခေတ်ပေါ်တူရိယာများဖြင့်တီးမှုတ်နိုင်ဖို့အတွက် ရည်မှန်းချက်တူစွာနဲ့ကြိုးစားခဲ့ပါတယ်။ တောမြိုင်ခြေလမ်း ဆိုတဲ့ယိုးဒယားသီချင်းဟာ သင်္ကေတပြုပြီး ပထမဆုံးစမ်းသပ်တီးမှုတ်ခဲ့တဲ့သီချင်းပါ။ နောက်ပိုင်းမှာယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာသီချင်းကြီးသီချင်းခန့်များကို ပန်တျာမူမှန်ပြုရေး သင်္ကေတ တင်မှတ်ရေး အကြံပေးအဖွဲ့ဝင်တစ်ဦးအဖြစ် မြို့မငြိမ်းပါဝင်ခဲ့ပါတယ်။ ဒါးတန်း ဦးသန့်နဲ့ မြို့မငြိမ်းတို့ဟာ မြို့မငြိမ်းရေးသားတဲ့ ‘ကသစ်ပန်း’ သီချင်းကို အနောက်တိုင်းတူရိယာပစ္စည်း အကော်ဒီယံနှင့် တယောတို့နှင့်တွဲဖက်ကာ ဒါးတန်း ဦးသန့်ရဲ့တီးဝိုင်းအဖွဲ့က မြန်မာမှုမပျက် တီးခတ်ခဲ့ကြတာဟာ သူတို့နှစ်ဦးရဲ့ စမ်းသပ်မှုမှတ်တိုင် ဖြစ်ခဲ့ပါတယ်။
မြို့မငြိမ်းဟာ သူစိတ်ပါဝင်စားတဲ့ သီချင်းရေးချင်းကိုပြုလုပ်တဲ့အခါတိုင်းမှာ တလောကလုံးကိုမေ့မောပြီး သူ့ရဲ့သံစဉ်စာသားများကြားမှာနစ်မြုပ်နေတတ်တဲ့သူပါ။ စိတ်သဘောမကျတဲ့အခါမှာ စကားမပြောဘဲ ခပ်ဆိတ်ဆိတ်နေတတ်ပါတယ်။ အဲဒီအခါမှာ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများကိုလည်း မရိတ်သင်တော့ပါဘူး။ မြို့မငြိမ်းဟာ ဟက်ဟက်ပက်ပက် ရယ်မောခြင်း၊ လှောင်ရယ် ရယ်မောခြင်းများ၊ ပြောဆိုခြင်းများ မပြောဆိုတတ်ပါဘူး။ သူဖန်တီးထားတဲ့သီချင်းများကို သီဆိုသူတို့က သူ့စိတ်ကြိုက် သီဆိုနိုင်ခဲ့လျှင် ဆေးလိပ်တိုကိုခဲပြီး ပြုံးနေလေ့ရှိတတ်ပါတယ်။ သူ့ရဲ့ဘ၀ သူ့ရဲ့ကမ္ဘာဟာ ဂီတအနုပညာရပ်တစ်ခုသာဖြစ်ပါတယ်။ အဆောင်အယောင် ရုပ်ဝတÄုပစ္စည်းများကို မက်မောတတ်သူ မဟုတ်ပါဘူး။ ရောင့်ရဲစွာနဲ့ သူ့ရဲ့ဘ၀ကို နေတတ်ခဲ့ပါတယ်။
မြို့မငြိမ်းဟာ မြို့မတူရိယာအဖွဲ့မှာ တေးပြုတီးခတ်ရင်းနဲ့ ၁၉၄၅-၅၅ မှာ တည်ထောင်တဲ့ မန္တလေးမြို့ မန္တလေးရုပ်ရှင်မှာ တေးဂီတတာဝန်ခံအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ မြို့မငြိမ်းရဲ့သီချင်းတွေဟာ ရုပ်ရှင်နောက်ခံသီချင်းများ အဖြစ်သာမကဘဲ ရုပ်ရှင်ဇာတ်ကားအမည်များအဖြစ်ပါ မှည့်ခေါ်ခဲ့ကြပါတယ်။ “တိမ်လွှာမို့မို့လွင်”၊ သခွတ်ပန်း၊ နှစ်ယောက်ထဲနေချင်တယ်၊ လေချိုသွေး၊ ဓာတ်တူနာမ်တူ၊ လေထဲကဖူးစာ၊ ခိုင်းတော့သက်ဝေ၊ ချစ်ကျိုးတော်ဆောင်၊ ချစ်မြင့်မိုရ် စသောရုပ်ရှင်ဇာတ်ကားများမှာ မြို့မငြိမ်းရဲ့တေးအမည်များ၊ စာသားများမှထုတ်နုတ်၍ မှည့်ခေါ်ခဲ့တဲ့ဇာတ်ကားများဖြစ်ပါတယ်။ ထင်ရှားတဲ့ ရုပ်ရှင်သီချင်းတွေကတော့ သခွတ်ပန်း၊ ချစ်ကျိုးတော်ဆောင်(ဆုထူးငယ်ပန်ရွယ်သွန်းဇာတ်ကားမှ)၊ တချစ်တည်းချစ်(အပယ်ရတနာ)၊ တိမ်လွှာမို့မို့လွင်၊ နှစ်ယောက်ထဲ၊ လေထဲကဖူးစာ၊ ကစားစရာအသည်းမွှာ(တခိုင်လုံးရွှေဇာတ်ကားမှ)၊ မခို့တရို့(သားရွှေဒေါင်းတောင်) သီချင်းများပါ။ ရုပ်ရှင်ပညာရှင် ၀င်းဦးသီဆိုခဲ့တဲ့ တံမွှပဉ္စင်၊ ပြုံးတဲ့မေ၊ မပြီးသေးသောပန်းချီကား၊ သစ္စာသီချင်းတွေဟာလည်း မြို့မငြိမ်းရေးသားခဲ့တဲ့ သီချင်းတွေပါ။ မြန်မာတွေရဲ့ ဂီတအနုပညာတွေကို ကမ္ဘာကသိစေလိုတဲ့ စိတ်ဆန္ဒမျိုး မြို့မငြိမ်းမှာ ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ခွင်မှာမြန်မှာ့ပာစ့သညပ တီးဝိုင်းကြီးပေါ်ပေါက်လာရေး အတွက်လည်း ကြိုးစားခဲ့ပါတယ်။ အဲဒီအနုပညာရပ်များကိုလေ့လာရင်း၊ လေ့ကျင့်ရင်း၊သူကလည်းပြန်၍ လက်ဆင့်ကမ်းသင်ကြားပေးရင်းနဲ့ ဂီတလောကကို စောစီးစွာ နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်။ မြို့မငြိမ်းထွက်ခွာသွားပုံက ကြေကွဲစရာအတိနဲ့ပါ။
၁၉၅၅ ခုနှစ် စက်တင်ဘာ(၁၅)ရက်နေ့၊ နံနက်ပိုင်း(၂)နာရီအချိန်က မြို့မငြိမ်း နေထိုင်ရာ ရှေ့တော်ပြေးဝင်း နေအိမ်ကနေ စိတ်အနည်းငယ် ကယောင်ချောက်ချားဖြစ်ပြီးထွက်ခွာသွားခဲ့ပါတယ်။ မိသားစုဝင်များနဲ့ ခင်မင်သူအပေါင်းအသင်းများနဲ့ မြို့မအသင်းသား မိတ်ဆွေတွေကလိုက်လံရှာဖွေကြပေမယ့် မတွေ့ရှိဘဲ ဖြစ်နေခဲ့ပါတယ်။ ညနေပိုင်း ခြောက်နာရီလောက်ရောက်တော့မှ မန္တလေးမြို့ အနောက်တောင်ဖက် လူသွားလူလာအလွန်နည်းတဲ့ ပတ္တာရပ်မှာ အမည်မသိတဲ့လူတစ်ဦးကို ကားတစ်စီးက တိုက်သွားတဲ့အတွက် ခေါင်းပြားကာ သေဆုံးနေတဲ့ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတဲ့အတွက် ဆေးရုံကြီးကို ပို့လိုက်တဲ့ သတင်းကို သိရှိခဲ့ရတဲ့အတွက် ဆေးရုံကြီးကို သွားရောက်ကြည့်ရှုတဲ့အခါမှာ ပျောက်ဆုံးနေတဲ့ မြို့မငြိမ်းရဲ့ရုပ်အလောင်းကို ကြေကွဲဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါတော့တယ်။
မြို့မငြိမ်းဟာ ကွယ်လွန်ချိန်မှာ (၄၇) နှစ်ဘဲရှိပါသေးတယ်။ ဂီတအပေါ် ခင်တွယ်စိတ်ကြီးမားလှပြီး အမြဲတမ်းဆန်းသစ်တီထွင်ထားတဲ့ ဂီတတွေကို မွေးထုတ်ဖန်တီးခဲ့တဲ့ ဂီတပညာရှင် အလင်္ကာကျော်စွာမြို့မငြိမ်း ကွယ်လွန်သွားမှုဟာ ဂီတလောကအတွက် ကွက်လပ်ကြီးတစ်ခုဖြစ်ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဖန်တီးထားခဲ့တဲ့ဂီတ တွေကတော့ ဒီနေ့ထိရှင်သန်နေဆဲပါ။

မြို့မငြိမ်းအိပ်စက်ရာကုတင်
မြို့မငြိမ်းရဲ့တယောလေး
Labels: မြို့မငြိမ်းကိုပြန်လွမ်းခြင်း ( မိုးမိုးအောင် ) People Magazine ၂၀၀၆ November Issue ၅.၎

2 Comments:
အခုလို ဗဟုသုတရဖွယ်တွေကို ဖတ်လိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မြို့မငြိမ်း နဲ့ သင်္ကြန် မြို့မငြိမ်းနဲ့ မန်းတလေးဟာ ခွဲခြားလို့ မရနိုင်ပါဘူး။ မြို့မငြိမ်းဟာ မန်းလေးသားတွေအတွက် ဂုဏ်ယူစရာ သူရဲကောင်းတစ်ဦးပါပဲ
ကျွန်တော် အလေးစားဆုံး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း အကြောင်းကို အခုလို အသေးစိတ်ရေးပေးတဲ့ အတွက် အထူးကျေးဇူးတင်မိပါတယ်။ မန္တလေးတရုပ်တန်း လူငယ်တစ်ဦး ဖြစ်တဲ့ ကျွန်တော့် အတွက်ကတော့ မြို့မတီးဝိုင်း စတင်ခဲ့ရာ “တရုပ်တန်းဖျာဝိုင်း” ဆိုတဲ့ စကားလုံးအပေါ် ဂုဏ်ယူမိတာကတော့ အမှန်ပါဗျာ။
ကိုတိုး
Post a Comment
Subscribe to Post Comments [Atom]
<< Home