ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လသည် နွေရာသီဖြစ်၍ “တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန် “ ဟူသောစကားနှင့်အညီ အလွန်ပူအိုက်သောကာလ ဖြစ်ပါသည်။ မဟာတုလမင်းကြီး၏ ဆယ့်နှစ်ရာသီဖွဲ့လွမ်းချင်းများမှ ကဆုန်လဖွဲ့တွင်ပင် ဤသို့ ဖွဲ့ဆိုထားပါသည်။
နေ၀န်းငယ် စက်ရှိန်
တောက်လောင်ငယ် ထိန်သည်
ဖန်သူရိန် တေဇာကြောင့်
ပူဗျာပါ ကဲတဲ့လကိုလေး။ "
ဤသို့ဖြစ်နေခိုက်တွင် ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့ရာ ဗောဓိညောင်ပင်၏ ခြေတော်ရင်းကို ရေစင်သွန်းလောင်းပူဇော်ခြင်းဖြင့် မြတ်စွာဘုရားရှင်၏ ကျေးဇူးတော်ကို အလုပ်ကျွေးပြုကြသည်မှာ ဗုဒ္ဓဘာသာမြန်မာတို့၏ မွန်မြတ်သော ဓလေ့တစ်ခုပင်ဖြစ်ပါသည်။
ဤဓလေ့ကိုအကြောင်းပြု၍ "ကဆုန်ညောင်ရေသွန်းပွဲတော်" ဟုခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ ကဆုန်ညောင်ရေသွန်းပွဲတော်သည် မန္တလေးသူ၊ မန္တလေးသားတို့၏ ဒုတိယမြောက်သင်္ကြန်ဟု ခေါ်ဆို၍ရသောပွဲတော်လည်း ဖြစ်ပါသည်။ ဤသို့ခေါ်ဆိုရသော အကြောင်းအရင်းမှာ မန္တလေးမြို့ ဗောဓိကုန်းရပ်ရှိ ဗောဓိကုန်းဘုရားပရ၀န်အတွင်းတွင် ညောင်ရေသွန်းလောင်းသူ အချင်းချင်းရေပက်ကစားကြသော ပျော်ရွှင်ဖွယ်ဓလေ့ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကဆုန်လပြည့်နေ့သည် မန္တလေးသူ၊ မန္တလေးသားတို့၏ တမူထူးခြားသော ပွဲတော်နေ့တစ်နေ့ဖြစ်ပါတော့သည်။
written by waimyintmaw